မမျှော်လင့်နဲ့ .. ဆုံးဖြတ်

အဲ့ဒီနေ့က
ကျနော့ သူငယ်ချင်းကို လေယာဉ်ကွင်းမှာ လာကြိုနေတာပါ။ 
ကျနော့အတွက်ကတော့ ဘဝနဲ့ ဆိုင်တဲ့ အတွေ့အကြုံတစ်ခု ရလိုက်တဲ့နေ့လို့ ဆိုရမှာပဲ။ 
ကျနော်နဲ့ ၂ ပေလောက်ပဲ ကွာတဲ့နေရာက မြင်ကွင်းလေးကို မြင်ပြီးတော့ပေါ့ဗျာ။ 

လေယာဉ်ပေါ်က ဆင်းလာတဲ့ ခရီးသည်တွေထဲကနေ ကျနော့ သူငယ်ချင်းကို လိုက်ရှာနေတယ်၊ ကျနော်ရှိတဲ့ နေရာဘက်ကို ဦးတည်လာတဲ့ လူတစ်ယောက်ကို ကျနော် သတိထားမိတယ်။ သူက အိတ်အသေးနှစ်အိတ်ကို လက်ထဲဆွဲထားတယ်။ 
ကျနော့ဘေးမှာ လာကြိုတဲ့ သူ့မိသားစုကို နှုတ်ဆက်နေတယ်။ 

ပထမဆုံး သူ့သားအငယ်လေးကို နှုတ်ဆက်နေတယ် (သူ့သားငယ်လေးက ၆ နှစ်လောက်တော့ ရှိမယ်) သူ့လက်ထဲက အိတ်တွေကို ဘေးချရင်းပေါ့။ သူ့သားကို ပွေ့ဖက်လိုက်ပြီး  ... 
"ဝမ်းသာလိုက်တာ .. သားကို ဖေကြီးက သိပ်လွမ်းနေတာ .. သားရဲ့.." 
သူ့သားငယ်လေးက ရှက်ပြုံးလေး ပြုံးလိုက်တယ်၊ ပြီးမှ မျက်နှာလွှဲလိုက်ရင်း .. 
"သားရော လွမ်းနေတာ .." တဲ့။ 

အဲ့ဒီလူက မတ်တပ်ထပြီး သူ့သားကြီးကို ငေးကြည့်နေတယ်၊ (သူ့သားကြီးက ၉ နှစ် ၁၀ နှစ် အရွယ်ပါ) 
သူ့သားမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး.. 
"ငါ့သားတောင် အရွယ်ရောက်တော့မယ် .. ချစ်လိုက်တာ .. ငါ့သားကြီး" 
သားအဖနှစ်ယောက် မေတ္တာအပြည့်နဲ့ ပွေ့ဖက်ထားကြတယ်။ 

အဲ့ဒီအချိန် သူ့မိန်းမလက်ထဲမှာက သူ့ရဲ့ အငယ်ဆုံး သမီးလေး .. ပြန်ရောက်လာတဲ့ သူ့ဖေဖေ စိတ်ဝင်တစား ငေးကြည့်နေတယ်။ 
သူ့ဖေဖေကလည်း ... "ဖေ့သမီးလေးရေ .." ဆိုပြီး သူ့မိန်းမလက်ထဲကနေ ပွေ့ချီယူလိုက်ပါတယ်။ သမီးငယ်လေးရဲ့ မျက်နှာ တစ်ခုလုံးကို အနမ်းတွေ ပေးလိုက်ပြီး ထွေးပွေ့ထားလိုက်တယ်၊ သမီးလေးကလည်း သူ့ဖေဖေရဲ့ ပခုံးပေါ်မှာ ခေါင်းတင်ပြီး ငြိမ်သက်နေပါတယ်။ 

တော်တော်လေးကြာတော့ ... သူ့သမီးလေးကို သားကြီးဆီ လွှဲပြောင်း ပွေ့ချီစေပြီး သူ့မိန်းမကို နမ်းရှုပ်လိုက်တယ်၊ ကျနော်တွေ့ဖူးသမျှ ၊မှတ်မိသမျှထဲမှာ အသက်ဝင်ဆုံး .. ချစ်စိတ်အပြင်းပြဆုံး အနမ်းပါပဲ။ ပြီးတော့ မိန်းမဖြစ်သူကို ငေးကြည့်ရင် ဖွဖွလေး ပြောတယ် .. "သိပ်ချစ်တယ် .." တဲ့။ 
တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေကြရင်း အပြုံးပန်းတွေကလည်း ဝေဖြာနေတယ်၊ တစ်ယောက်လက် တစ်ယောက်လည်း ဆုပ်ကိုင်ထားကြတယ်။ 

ကျနော့ အနေနဲ့ကတော့ လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ဦးကို ကြည့်နေရသလိုပါပဲ။ ဒါပေမဲ့ သူ့တို့ ကလေးတွေရဲ့ အသက်အရွယ်အရ သူတို့က လက်ထပ်ပြီးခါစတော့ မဟုတ်နိုင်ပါဘူး။ 
ကျနော်လည်း ခဏလေးတော့ စဉ်းစားကြည့်နေပြီး မြင်ကွင်းထဲမှာ မျောပါသွားတယ်၊ တကယ့်ကို အဆုံးမဲ့ ချစ်ခြင်းပဲလေ .. မြင်ကွင်းက ကျနော့ရဲ့ လက်တစ်ကမ်းမှာပဲဗျ။ 
ကျနော်လည်း စိတ်ထဲ မနေနိုင်တာနဲ့ မေးလိုက်တော့တယ် ... အသံတွေတောင် တုန်နေတယ် ထင်တာပါပဲ .. 
"လက်ထပ်ထားတာ ဘယ်လောက်ကြာပြီလဲဗျ.." 

"စသိကြတာ ၁၄ နှစ်ရှိပြီ .. လက်ထပ်တာကတော့ ၁၂ နှစ်ပေါ့ .." သူ့မိန်းမမျက်နှာလေးကို အငေးမပျက် ပြန်ဖြေလိုက်တယ်။ 

"သြော် ... ဒါဆို ဝေးနေကြတာ ဘယ်လောက်ကြာပြီလဲ .. " ကျနော် မေးလိုက်တယ်။ 

သူက ပီတိဖြာနေတဲ့ မျက်နှာနဲ့ ပြုံးပြပြီး .. ပြန်ဖြေတယ် .. 
"နှစ်ရက်တိတိ ရှိသွားပြီ .." တဲ့။ 

နှစ်ရက် ..? ကျနော် ကြောင်အမ်းသွားတယ်။ သူတို့ နှုတ်ဆက်နေကြတဲ့ပုံကို ခန့်မှန်းထားတာ .. အနည်းဆုံးတော့ ၃ ပတ်၊ ၄ ပတ်လောက်တော့ ခွဲနေရတာဖြစ်မယ်ပေါ့၊ ဒါမှမဟုတ် လနဲ့ချီပြီး ခွဲနေရတဲ့ပုံပဲပေါ့။ 

ကျနော့ သူငယ်ချင်းကို လိုက်ရှာဖို့တောင် မေ့နေမိတယ်၊ သေချာပါတယ် .. ကျနော့မျက်နှာပေါ်မှာလည်း အပြုံးရိပ်၊ ကြည်နူးရိပ်တွေ သမ်းနေမယ်ဆိုတာကို ..  
ကျနော် သူ့ကို ချက်ချင်း ပြောလိုက်မိတယ်၊ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အတွေးလေးကိုပေါ့ .. 
"ကျနော် လက်ထပ်ဖြစ်တဲ့အခါ ဒီလိုပဲ .. ၁၂ နှစ်လောက် ကြာတာတောင် အချစ်တွေ ပြင်းပြနေတဲ့အချစ်မျိုးဖြစ်ဖို့ မျှော်လင့်တယ်ဗျာ ..." 

အဲ့ဒီလူက မျက်နှာ ရုတ်တရက်တည်သွားတယ်။ 

ပြီးတော့ ကျနော့ မျက်လုံးကို တည့်တည့်စိုက်ကြည့်တယ် .. သူ့ရဲ့ အကြည့်က အင်အားတွေပြည့်လွန်းတော့ ကျနော့ စိတ်ကိုတောင် လောင်ကျွမ်းသွားတော့မယ့်အလား. 
. သူပြောတဲ့စကားက ကျနော့ ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။ 

"မမျှော်လင့်နဲ့ ... ဆုံးဖြတ်.." တဲ့။ 
ပြောပြီးတာနဲ့ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်က လင်းလက်သွားတယ် .. 
ကျနော့ လက်ကို ဆုပ်ကိုင်ပြီး ... 
"ကံကောင်းပါစေကွာ .." 
---------------- 

သူရေးပြသွားတာလေးက ရိုးရိုးလေးပါပဲ၊ အချစ်နဲ့ပတ်သတ်ပြီး ၁၂ နှစ်လောက်ကြာတာတောင် လတ်ဆတ်နေဆဲပဲ .. ဆိုတာလေးကို ပြသွားတယ် .. အားကျစရာအချစ်ဖြစ်တဲ့အတွက် .. လူတော်တော်များများက ဒီလို ဖြစ်ဖို့ မျှော်လင့်ကြမှာပါ .. 
အဓိက အချက်က ဒါပါပဲ .. ကျနော် အပါအဝင် လူတွေက သိပ်မျှော်လင့်ကြတယ် .. မျှော်လင့်တယ်ဆိုတာနဲ့ပဲ ရပ်ထားလိုက်ကြတယ်။ 
အချစ်မှာမှ မဟုတ်ပါဘူး၊ ဘယ်နေရာ ဘယ်ကိစ္စမှာမဆိုပေါ့။ 
"ဒီလို ဖြစ်ဖို့ မျှော်လင့်တယ်" ဆိုတာနဲ့ 
"ဒီလိုဖြစ်ဖို့ ဆုံးဖြတ်ထားတယ်" ဆိုတာ .. လုံးဝကို မတူပါဘူး၊ ဆုံးဖြတ်တာက ပိုပြီး လက်တွေ့ကျပါတယ် ... 
လုံးဝ မမျှော်လင့်ရဘူးရယ်တော့ မဟုတ်ပါဘူး၊ သူ့နေရာနဲ့သူပေါ့။ 

" ပျော်ရွှင်ဖို့ အတွက် မျှော်လင့်တယ် .. " ဒါဆိုရင် အဲ့ဒီမှာ လမ်းဆုံးသွားပြီ၊ ပျော်ရွှင်မှုက မျှော်လင့်ရတာ မဟုတ်ဘူး၊ ထိုင်စောင့်ရတာ မဟုတ်ဘူး။ 
"ပျော်ရွှင်ဖို့အတွက် ဆုံးဖြတ်ထားတယ်.." ဆုံးဖြတ်တယ်ဆိုတာ လက်တွေ့ရဲ့ အစပဲ။ 

ဒါဆိုရင် .. အခုချိန်ကစပြီး မမျှော်လင့်ဘဲ ဆုံးဖြတ်ကြည့်ကြရအောင်လားဗျာ ... 
စာဖတ်သူများလည်း ဆင်ခြင်သုံးသပ်နိုင်ပါတယ်။ 

အောင်ကျော်ဇေယျ 

မူရင်း - Michael D. Hargrove and Bottom Line Underwriters, Inc

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ္ခ်က္