Honey Garlic Chicken

Honey Garlic Chicken (ပျားရည် ကြက်သွန်ဖြူဆော့စ် ကြက်ကြော်)

(9th August, 2020)


မထင်မှတ်ဘဲ တော်တော် စားကောင်းသွားတဲ့ ကြက်ကြော်လေးပါ။ တော်တော်လည်း ရိုးစင်းတယ်။ ကိုယ်တိုင်လုပ် ကြက်သွန်ဖြူဆော့စ်ကို အခြေခံပြီး ပျားရည်နံ့မွှေးမွှေး၊ ကြက်ကြော်ကြွပ်ကြွပ်တို့ရဲ့ ပေါင်းစပ်မှု။ 


ဒီနေ့ အမေက ကြက်သားဝယ်ထားတယ်၊ ဘယ်လိုချက်မလဲပေါ့။ ကိုယ်လည်း စဉ်စားနေမိတာ။ ခါတိုင်းလိုပဲ ကြော်ရမလား၊ ကင်ရမလား။ 


Inspiration ဘယ်လိုရသလဲဆိုတာလေး ရေးဦးမယ်။ 😁

လွန်ခဲ့တဲ့ ၄ - ၅ နှစ်လောက်က လူတစ်ယောက်ကို ရူးရူးမူးမူး သဘောကျနေမိတဲ့ အချိန်တုန်းကပေါ့။ အဲ့တုန်းက ကိုယ်လည်း ဟင်းဘာမှ မချက်တတ်ခဲ့ဘူး။ သိပ်လည်း နားမလည်ခဲ့ဘူး။ 

သူက တစ်နေ့ကျတော့ ပျားရည် ကြက်ကြော်လေး တင်ထားတယ်။ သူကိုယ်တိုင် ကြော်တယ်ပေါ့လေ။

ကိုယ့်မှာ အဲ့တုန်းက တအံ့တဩ။ ပျားရည်နဲ့ ကြက်ဆို ကောင်းပါ့မလားပေါ့။ တော်လိုက်တာပေါ့။ စသဖြင့် အတွေးထဲ မှတ်မှတ်ထင်ထင် ရှိနေခဲ့တယ်။ 


အခု နည်းနည်းပါးပါး ချက်တတ်လာတော့ ပျားရည်ကြက်ကြော်လေး ကြော်မယ်ဆိုတဲ့အတွေး အမြဲရှိခဲ့တယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။ 


အဲ့တုန်းက သူကြော်တာ သိပ်တော့ စားချင်စဖွယ် မဟုတ်ပါဘူး။ ကြက်ကို ပျားရည်နဲ့ နယ်ပြီး ကြော်ထားသလိုပါ။ အရောင်လည်း မဲတဲ့ဘက်သွားတယ်။ 

အဲ့တော့ ကြက်ကို အကြော်မှုန့်လေးဖျော်ပြီး ကြွပ်အောင် ကြော်မှသာ အရသာက ပိုကောင်းမယ်လို့ တွေးတယ်။ 


ဒါပေမဲ့ ပျားရည်ချည်း သက်သက်ဆို အရသာက ပျင်းစရာကောင်းနေမှာ။ ထပ်တွေးကြည့်တယ်။ 

အရင်လက ဆိုင်တစ်ဆိုင်မှာ Garlic Black Pepper Sauce Chicken ဆိုတာလေး စားခဲ့ဖူးတယ်။ အဲ့မှာ ကြက်သွန်ဖြူဆော့စ်လေးကို သတိထားမိတယ်။ သူ့ဆော့စ်က ကြက်သွန်ဖြူအနံ့ ပါရုံပဲ။ 




ဒီလိုနဲ့ ကြက်ကို ကြော်တယ်။

ကြက်သွန်ဖြူကို ကြိတ်ပြီး ဆော့စ်ရအောင် စပ်တယ်။ ရိုးရိုးစင်းစင်နဲ့ ကြက်သွန်ဖြူရဲ့ အနံ့အရသာကိုပဲ အဓိကထားတယ်။

ဆော့စ်က အရသာ ကွက်တိဖြစ်မှ ပျားရည်ထည့်တယ်။ နောက်ဆုံးမှ ဆော့စ်နဲ့ ကြက်ကြော်ကို ရောနယ်လိုက်တယ်။ 


အရောင်အားဖြင့် ကြက်ကြော်ရဲ့ အရောင်ပဲ။ ရဲတဲတဲလေးပေါ့။ ပြောရရင် မထူးခြားဘူးပေါ့နော်။ ဒါပေမဲ့ အရသာက မထင်ထားလောက်အောင်ကို အိုးမိုင်ဂေါ့။ အရမ်းကောင်းတာပဲ။ 


မွှေးအိနေတဲ့ ကြက်သွန်ဖြူ အနံ့အရသာ၊ ပျားရည်ရဲ့ ချိုတိုတို ဆိမ့်တိမ့်တိမ့်လေး၊ ကြက်ကြော်ရဲ့ ကြွပ်ကြွပ်လေး။ အားလုံးပေါင်းလိုက်တော့ ထပ်ခါထပ်ခါ စားချင်နေတဲ့ ကြက်ကြော်လေး။ 


တကယ်ထင်မထားဘူး။ အရင်က ကိုရီးယားဆော့စ် ကြက်ကြော်ကို အရမ်းကြိုက်ကြတဲ့ အိမ်ကလူတွေက အခု ဒီဟာကို ပိုကြိုက်လို့တဲ့။ 

ကျေနပ်တယ်။ ကြက်သွန်ဖြူတို့ ပျားရည်တို့ဆိုတာ လူအတွက်ကောင်းတယ်လေ။ ကြက်သွန်ဖြူဆော့စ်ဆိုလည်း ချက်ချင်းခွါ၊ ချက်ချင်းကြိတ်ပြီး ဆော့စ်စပ်တာဆိုတော့ တာရှည်ခံဆော့စ်တွေထက် ကောင်းတာပေါ့လေ။ 


တခါတလေ စိတ်ကူးပေါက်ရာ ချက်လိုက်တာလေးက ကောင်းသွားရော။ တခါတလေကျ recipe အတိအကျချက်ပေမဲ့လည်း ဘယ်လိုမှ ခံတွင်းမတွေ့။ 


ဘဝမှာလည်း ဒီလိုပါပဲလေ။


- အောင်ကျော်ဇေယျ



Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ္ခ်က္