အချစ်ရဲ့ အရေးပါပုံ

တစ်ခါတုန်းက စိတ်ခံစားချက်အကုန်လုံးဟာ အားလပ်ရက်အတွက် ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြတယ်။ သူတို့ရဲ့ သဘာဝအခြေအနေအရ အာလုံးက ကောင်းမွန်နေကြတယ်။
ရုတ်တရက် မုန်တိုင်းသတိပေးချက်က ထွက်ပေါ်လာပြီး နီးစပ်ရာ ကမ်းခြေတစ်ခုမှာ ပြောင်းရွေ့နေဖို့ အကြံပေးလာတယ်။

အဲ့ဒီကြေညာချက်က အားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့တယ်။
အားလုံးက လှေတွေဆီကို အမြန်ပြေးသွားကြတယ်။
ပျက်စီးနေတဲ့ လှေတွေကိုတောင် အမြန်ပြင်စေပြီး တာဝန်ခွဲဝေစေခဲ့ပါတယ်။

ဒါပေမဲ့ "ကိုအချစ်" က အမြန်ထွက်ခွာသွားဖို့ ဆန္ဒမရှိပါဘူး။ လုပ်စရာတွေ အများကြီးရှိသေးတာကိုး။
ကောင်းကင်ကြီးက မည်းမှောင်လာမှ ထွက်ခွာဖို့ အချိန်တန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။
စိတ်မကောင်းစရာပါပဲ... အပိုလှေ မရှိတော့ပါဘူး။
"ကိုအချစ်"က "ကိုမျှော်လင့်ချက်" နဲ့ နှစ်ယောက်သား လိုက်ရှာကြည့်နေပါတယ်။

"ကိုချမ်းသာ" ကတော့ တန်ဖိုးကြီးလှေကောင်းတစ်ခုနဲ့ ဖြတ်သွားပါတယ်။ "ကိုအချစ်" က လှမ်းအော်လိုက်တယ်...
"ဗျို့... ကိုချမ်းသာ.. ခင်ဗျားရဲ့လှေနဲ့ ကျုပ်ကို ခေါ်သွားနိုင်မလား။"

"မရပါဘူး..." ကိုချမ်းသာက ပြန်ဖြေတယ်....
"ကျုပ်လှေက အဖိုးတန်ပစ္စည်းတွေ၊ ရွှေတွေ၊ ငွေတွေနဲ့.. ပြည့်နေတာ.. ခင်ဗျားအတွက်နေရာမရှိဘူး။"

ခဏကြာတော့ "ကိုမာန" ရောက်လာတယ်.. လှေလှလှကြီးကို စီးလို့ပေါ့။ ကိုအချစ်က ထပ်လှမ်းအော်တယ်...
"ကိုမာန.. ကျနော့ကို ကျနော့ကို ကူညီနိုင်မလား.. ကျနော် သောင်တင်နေလို့... ခင်ဗျားနဲ့ လိုက်ခဲ့လို့ရမလား .."

ကိုမာနက စိတ်ကြီးဝင်နေတဲ့ လေသံနဲ့ပြန်ဖြေတယ်..
"မရဘူးကွ.. ငါမခေါ်သွားနိုင်ဘူး...မင်းခြေထောက်က ရွှံ့တွေ ပေနေတာ.. ငါလှေညစ်ပတ်သွားလိမ့်မယ်.."

"ကိုဝမ်းနည်း" က ဖြတ်လာတယ်.. ကိုအချစ်ကလည်း အကူအညီထပ်တောင်းပြန်တယ်။ ဒါပေမဲ့ အဆင်မပြေပြန်ပါဘူး။
"ငါမင်းကို မခေါ်သွားနိုင်ဘူး.. ငါအရမ်းဝမ်းနည်းနေတယ်။ တစ်ယောက်တည်းနေချင်လို့ပါ.."

မိနစ်အနည်းငယ်ကြာတော့ "ကိုပျော်ရွှင်" ရောက်လာတယ်။
ထပ်အကူတောင်းပြန်တယ်.. ဒါပေမဲ့ ကိုပျော်ရွှင်က သိပ်ပျော်လွန်းနေတော့ ဘာမှကို မမြင်တော့ဘူး၊ ဘေးဘီဝဲယာကိုလည်း မကြည့်နေတော့ဘူး။

"ကိုအချစ်" ကလည်း စိတ်မသက်မသာနဲ့ ဂဏာမငြိမ်ဖြစ်နေပါတယ်။
အဲ့ဒီအချိန်မှာ တစ်ယောက်က လှမ်းခေါ်တယ်...
"လာကွ... အချစ်... ငါ မင်းကို ခေါ်သွားမယ်.."
စိတ်ထားကောင်းတယ်လို့ ချီးကျူးမိပြီး လှေပေါ်ကို မြန်မြန်တက်လိုက်ပါတယ်... ဒါပေမဲ့ ဘယ်သူလဲဆိုတာတော့ မသိပါဘူး။
ဘေးလွတ်ရာကို ရောက်တော့မှာပဲ ဆိုတဲ့ အသိက စိတ်သက်သာရာရစေပါတယ်။

လှေပေါ်ကနေ ဆင်းတော့ ကိုအချစ်က "ကိုအသိပညာ" ကို တွေ့တယ်... သွားမေးကြည့်လိုက်တယ်...
"ကိုအသိပညာ.. တခြားသူတွေတောင် ကျနော့ကို တင်ပြီး မခေါ်သွားချင်ကြတာ.. ခင်ဗျားက ဘာလို့ အဲ့လောက်ထိ သဘောကောင်းတာလဲဗျ.."

ကိုအသိပညာက ပြုံးတယ်.. ပြီးတော့.
"အင်း... အဲ့ဒါက "ကိုအချိန်" ကြောင့်ပဲလေ.." လို့ဖြေတယ်။

"ဘယ်လို...? ကိုအချိန်က ကျနော့ကို ချောချောမွေ့မွေ့ရောက်စေဖို့ ကူညီပေးတယ်..?"
ကိုအချစ်က စိတ်ဝင်စားသွားတယ်။

ကိုအသိပညာက အဓိပ္ပာယ်ပါပါပြုံးရင်း ဖြေတယ်..
"ဘာလို့လဲဆိုတော့.. မင်းလုပ်နိုင်တဲ့ အလုပ်တွေ၊ မင့်ကြောင့် ဖြစ်လာနိုင်တာတွေ ပြီးတော့.. မင်းရဲ့ တန်ဖိုးအစစ်အမှန်ကို ကိုအချိန်ကပဲ သိတာကွ...
အချစ်ကပဲ.. ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ခြင်း တွေကို ဖြစ်စေနိုင်တာကိုး"

*********

အဓိက ပေးချင်တဲ့ အကြောင်းအရာကတော့..
လူအများစုဟာ ကြွယ်ဝချမ်းသာသွားပြီဆိုလို့ရှိရင် အချစ်ကိုမေ့ထားကြပါတယ်။ ကိုယ်ကိုယ်တိုင်က အရေးပါအရာရောက်နေတဲ့အချိန်တွေမှာလည်း အချစ်ကို လျစ်လျူရှုထားကြပါတယ်။ ပျော်နေရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းနေရင်ပဲဖြစ်ဖြစ်.. အချစ်ကိုဂရုမစိုက်ကြပါဘူး။ အချိန်ကာလတစ်ခုရောက်လာရင်တော့ အချစ်ရဲ့ အရေးပါမှုတွေကို သိလာရမှာပါ။
ဒါဆိုရင် ဘာကိုစောင့်နေဦးမှာလဲ..?

ဒီနေ့ကစပြီး အချစ်ကို သင့်ဘဝရဲ့ အရေးကြီး အစိတ်အပိုင်း တစ်ခုအဖြစ် ထားလိုက်ပါတော့..

-အောင်ကျော်ဇေယျ

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်