အချစ်စစ်ကို ရှာဖွေခြင်း

ဒီဇာတ်လမ်းလေးကတော့ အချစ်အကြောင်းပါ။

အန်နာ (Anna) ဆိုတဲ့ ၁၄ နှစ်အရွယ် ကောင်မလေးအကြောင်းကို အရင်ပြောကြတာပေါ့။
အန်နာ ဆိုတာက ညီမလေးတစ်ယောက်နဲ့အတူ သူ့ရဲ့ ၁၄နှစ်သမီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူတစ်ယောက်ပါ။

ကဗျာဆန်ဆန် အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တဲ့ အန်နာရဲ့ စိတ်ကူးစိတ်သန်းတွေကို အချစ်စစ်ရှာဖွေရမယ်ဆိုတဲ့ အသိက လွှမ်းမိုးထားပါတယ်။
ဒါပေမဲ့ သူကြုံတွေ့နေရတဲ့ သူ့ပတ်ဝန်းကျင်ကတော့ စိတ်ပျက်အားလျှော့ချင်စရာပါပဲ ...
သူ့ဖေဖေနဲ့ မေမေက အရင်တုန်းကလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြတော့သလိုဖြစ်နေတယ်၊
မတော်တဆမှုတစ်ခုကြောင့် သူ့မေမေက wheel chair ကိုပဲ အသုံးပြုရတော့တဲ့ အချိန်ကတည်းကပဲ ဆိုပါတော့ .... ။

အန်နာ သတိထားမိနေတာတော့ ကြာပါပြီ၊ ဖေဖေက မေမေ့အပေါ် အရင်တုန်းကလိုမျိုး ကြင်နာမှု မရှိတော့ဘူး၊ မေမေနဲ့ အတူရှိတဲ့အချိန်ကလည်း နည်းသထက်နည်းလာတယ်၊ တစ်ခါတစ်လေဆိုရင် မေမေက သူ့အိမ်အလုပ်တွေနဲ့ အခက်အခဲဖြစ်ရင် .. ဥပမာ ပစ္စည်းတစ်ခုခုကျနေလို့ ကောက်ဖို့ ခက်ခဲနေရင်ပဲဖြစ်ဖြစ် ... ဖေဖေက မသိသလိုပဲနေနေတယ်။

အန်နာတစ်ယောက် မေမေ့အတွက် စိတ်မကောင်းဖြစ်မိတယ်။

ဖေဖေနဲ့မေမေက အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် အပြုံးချင်း ဖလှယ်တာမျိုးလည်း မရှိတော့ဘူး၊ ပွေ့ဖက် နမ်းရှုပ်တာမျိုးရောပဲပေါ့။
တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ အမြတ်တနိုးပေးကြတာမျိုးလည်း မရှိတော့ဘူး၊ မွေးနေ့လိုမျိုး နှစ်ပတ်လည်း အချိန်မျိုးမှာတောင် မပေးပါဘူး။
ခပ်လန်းလန်း အဝတ်အစားတွေဝတ်ပြီး အပြင်သွားကြတာမျိုးလည်း မရှိတော့၊ သူငယ်ချင်းတွေကို ဖိတ်ပြီး ညစာအတူစားကြတာမျိုး၊ အကင်တွေ တပျော်တပါး လုပ်စားကြတာမျိုးလည်း မရှိတော့ပြန်ပါဘူး။

ဖေဖေနဲ့ မေမေက နှစ်ယောက်အတူ အချိန်တွေ ဖြတ်သန်းဖို့အတွက် ဆန္ဒမရှိလောက်တော့ဘူးလို့ အန်နာ ယူဆမိတယ်။
အန်နာ စိုးရိမ်မိတာတစ်ခုက တစ်နေ့ကျရင် ဖေဖေနဲ့ မေမေ တစ်ယောက်နဲ့တစ်ယောက် မုန်းတဲ့ အဆင့်ရောက်သွားပြီး လမ်းခွဲလိုက်ကြမှာကိုပဲ။ အဲ့ဒီလို အချိန်ကျရင် သူ့ညီမလေးနဲ့လည်း ခွဲနေရမယ်၊ ဘယ်သူက ဘယ်သူ့နောက် လိုက်နေရမလဲ..? တွေးကြည့်ရုံနဲ့တင် တုန်လှုပ်စရာသိပ်ကောင်းတယ်။

အန်နာကတော့ ဖေဖေ့ကိုရော မေမေ့ကိုပါ ချစ်တယ်၊ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အရင်လို ပြန်ချစ်ကြစေချင်တယ်။
အန်နာက သူ့ရဲ့ ဒီစိုးရိမ်မှုတွေအကြောင်း ညီမဖြစ်သူကိုတောင် မပြောပြပါဘူး၊ တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းနေပြီလေ၊ သူ့ညီမလေးကိုလည်း စိတ်ဒဏ်ရာမရစေချင်ဘူး။

အိပ်မက်ဆိုးကြီးတစ်ခု အမှန်တကယ်ဖြစ်လာသလိုပါပဲ ....

တစ်ခုသော နံနက်ခင်းတစ်ခုမှာ အန်နာလည်း အိပ်ရာကနေ စောစောထပြီး ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း .. ဖေဖေနဲ့ မေမေ တို့ရဲ့ အခန်းထဲက ဆူဆူညံညံအသံတွေ ကြားရတော့တာပဲ။
တစ်ခုခုနဲ့ ပတ်သတ်ပြီး ကတောက်ကဆဖြစ်နေကြတယ်လို့ ယူဆရတယ်။
အန်နာက သွားချောင်းကြည့်လိုက်တော့ မေမေက ခုတင်အစွန်းမှာ ထိုင်ငိုနေတယ်၊ ဖေဖေကတော့ ခရီးဆောင်အိတ်တစ်ခုထဲကို အဝတ်အစားတွေထည့်နေတယ်။
အန်နာ တွေးမိလိုက်တယ် .. ဖေဖေက ခွဲသွားတော့မှာပါလား .... ။
ဝမ်းနည်းမှုတွေက လှိုက်တက်လာတယ် ၊ အန်နာလည်း အခန်းကို ပြန်ခဲ့ပြီး တစ်ယောက်တည်း တီးတိုးပြောနေမိတယ် .. "ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ..?"

ပြတင်းပေါက်ကို မှီပြီး ငေးကြည့်နေမိရာက ဖေဖေ့ကို မြင်လိုက်တယ်၊ ဖေဖေက ခရီးဆောင်အိတ်ကြီးသယ်ပြီး ကားရပ်ထားတဲ့နေရာကို သွားနေတဲ့မြင်ကွင်းကိုပေါ့။

အန်နာ မြန်မြန်ပြေးပြီး ဖေဖေ့ကို တားဖို့ အပေါက်ဝကို ပြေးသွားလိုက်တယ် .. ကားက အိမ်ထဲကနေ ထွက်သွားပါပြီ။ အန်နာတစ်ယောက် ဝမ်းနည်းပက်လက်ကျန်ခဲ့တယ်။

ဘာလုပ်လို့ ကိုင်ရမှန်းမသိဘဲ အချိန်အတော်ကြာ ငေးငိုင်နေမိတယ်၊ အသိဝင်လာမှ အိမ်ထဲဝင်ပြီး မေမေ့ဆီကို သွားဖို့ ဟန်ပြင်လိုက်တယ်။
အဲ့ဒီအချိန်မှာပဲ ခြံထဲဝင်လာတဲ့ ဖေဖေ့ကားသံကို ကြားမိတော့တာပဲ။

ဖေဖေ့ဆီကို အပြေးသွားလိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ် ...
"နောက်တစ်ခါ ဘယ်တော့မှ မထွက်သွားပါနဲ့ .. ဖေဖေ့ကို အရမ်းချစ်တယ်၊ ခွဲလည်း မခွဲနိုင်ဘူး ... မေမေနဲ့လည်း ပြန်ပြီး အဆင်ပြေစေချင်တယ် .. ဖေဖေ"

"အကုန်လုံးကိုထားသွားမယ်၊ မေမေ့ကို မချစ်တော့ဘူးလို့ သမီးက ဘာကြောင့်ထင်ရတာလဲ..?"
အံ့သြနေပုံရတဲ့ ဖေဖေက ပြန်မေးတယ်။

"မေမေ့ကို ကူညီဖေးမပေးတာမျိုးလည်း မရှိဘူး၊ ဒုက္ခရောက်နေတဲ့အချိန်တွေဆို မေမေပဲ ဝမ်းနည်းနေရတယ်၊ အချိန်တော်တော်များများက အိမ်မှာ ရှိမနေဘူး၊ မနေ့ကဆိုလည်း မေမေနဲ့ ရန်ဖြစ်ပြီး အဝတ်အိတ်နဲ့ အိမ်ကနေ ထွက်သွားတယ်၊ မလိမ်ပါနဲ့ ဖေဖေ .. သမီး အကုန်မြင်တယ်"

အန်နာက အားပါးတရပြောပြီး ငိုချလိုက်တော့တယ်၊ စိတ်ထဲမှာ သိမ်းထားသမျှတွေ ပြောချလိုက်ရလို့ အနည်းငယ်တော့ စိတ်သက်သာရသွားပုံပါပဲ။ "မေမေ့ကို ပိုချစ်သင့်တယ်.."
အဆုံးသတ်အနေနဲ့ ပြောလိုက်တယ်။

"ဒါဆို ဖေဖေဘယ်လိုလုပ်ရမလဲ... သမီးပြောကြည့်ပါလား.." 
သူ့ဖေဖေက မေးခွန်းပြန်ထုတ်တယ်။

"သမီး သိပ်တော့ မသိပါဘူး၊ ဒါပေမဲ့ မေမေ့အတွက် ပန်းစည်းလှလှလေး ဝယ်ပေးတာမျိုး၊ မွေးနေ့မှာ ဈေးကြီးကြီး အဝတ်အစားတွေ ဝယ်ပေးတာမျိုး၊ နှစ်ယောက်အတူတူ အပြင်ထွက်လည်တာမျိုးပေါ့.. ဖေဖေရယ်"

"အဲ့ဒီလိုမျိုးလုပ်ရင် မေမေ့ကို တကယ်ချစ်တာပဲလို့ သမီးကထင်တယ်ပေါ့.."

"အင်းပေါ့ ... မေမေကျေနပ်မှာတော့ သေချာတယ်.."
အန်နာက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တယ်။

"ငါ့သမီးလေးရယ် ... ဖေဖေ့အနေနဲ့ကတော့လေ .."
အန်နာကို သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်တယ် ..
"အဲ့ဒီလိုလုပ်ရင် မေမေကျေနပ်မယ်၊ ပျော်မယ် ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ မေမေ့ကို ချစ်ကြောင်းပြချင်ရင် သူ့ကိုယ်သူ ချစ်နိုင်အောင် အရင်လုပ်ပေးရတယ်၊ အရင် သူ့ခြေထောက်နှစ်ဖက်လုံး ကောင်းကောင်းမွန်မွန်ရှိတုန်းကလို သူ့ကိုယ်သူချစ်နိုင်ဖို့ လိုအပ်တယ်...

ဖေဖေ သူ့ကို မကူညီဘူးလို့ သမီးထင်တယ်မလား၊ ဘာကြောင့်လဲဆိုတော့ သူက တစ်ယောက်ယောက်အပေါ် မှီခိုနေရပါလား ဆိုတာမျိုး မဖြစ်စေချင်လို့ပဲ .. သမီး။

ဖေဖေလည်း ရုံးက အလုပ်တွေ အရမ်းများတော့ အိမ်မှာနေရတဲ့ အချိန်က သိပ်မရှိနေဘူး၊ သမီးမေမေက ဘယ်သူ့ကိုမှ အားမကိုးဘဲ သူ့နေစဉ်ဘဝတွေကို ဖြတ်သန်းလာနိုင်တယ်၊ ဒီအတွက် စိတ်မကောင်းဖြစ်လားဆိုရင် မဖြစ်ဘူးလို့ ဖေဖေဖြေမယ်၊ သူ့အပေါ်ကို ဝမ်းနည်းအားငယ်လိုစိတ်ဖြစ်အောင် လုပ်ဖို့ ဖေဖေ့မှာ ဆန္ဒမရှိလို့ပဲ။

မနေ့က စကားများကြပြီး အပြင်ထွက်သွားတယ်ဆိုတာကလည်း သမီးမေမေက သင်္ဘောတက်ဖို့ အလုပ်ကို လက်ခံခိုင်းတဲ့ ကိစ္စကြောင့်ပါ၊ ၆ လလောက်ကြီးတော့ အားလုံးကို မခွဲထားနိုင်ဘူးလေ၊
ဖေဖေ့အလုပ်နဲ့ ရာထူးတိုးနိုင်ဖို့ အထောက်အကူဖြစ်ပေမဲ့  ဒီလောက်အကြာကြီး ဘယ်လိုလုပ် စိတ်ချနိုင်ပါ့မလဲ...

တစ်ခါတစ်လေမှာ ... လူတွေရန်ဖြစ်ကြတာက တစ်ယောက်နဲ့ တစ်ယောက်ချစ်လွန်းလို့.. သမီးရဲ့.." 
ဖေဖေက အားရပါးရပြုံးပြတယ်။

အန်နာ ရုတ်တရက်ကြောင်သွားတယ်။ ဖေဖေကို ငေးကြည့်နေရင်း ဖေဖေပြောခဲ့မျှကို ပြန်တွေးနေမိတယ်။
သူတွေ့ဖူးသမျှလူတွေထဲမှာ အခိုင်မာဆုံးနဲ့ နှစ်လိုစရာအကောင်းဆုံး စုံတွဲရဲ့ အချစ်ကို အန်နာတစ်ယောက် သံသယဝင်မိတာ ရှက်မိနေတယ်၊ အားနာမိနေတယ်။

"ဒါပေမဲ့ ခရီးဆောင်အိတ်ကြီးကို သယ်သွား၊ ပြန်လာလုပ်နေတာကရော... ဘာလို့လဲ.."
အန်နာက မရှင်းသေးတဲ့အကြောင်းအရာတစ်ခုကို ထပ်မေးလိုက်တယ်။
"သြော်.. အဲ့ဒါလား၊ စာရွက်စာတမ်းတွေနဲ့ အဝတ်အစားတွေလေ .. သမီးရဲ့။ ဖေဖေ့မိတ်ဆွေကို ပေးရမှာ၊ သူက မနက်ဖြန် မနက်ပိုင်း သင်္ဘောထွက်မှာဆိုတော့..."

"ဟာ.... ဒါဆို ဖေဖေ သင်္ဘောမလိုက်တော့ဘူးပေါ့နော်..."
အန်နာက အပျော်လွန်ပြီး အော်ချလိုက်တယ်။

"ဒါပေါ့ ... သမီးတို့ကို ခွဲသွားဖို့ အိပ်မက်တောင် မမက်ရဲဘူး၊ အားလုံးကို ဖေဖေသိပ်ချစ်တာ သိလျက်သားနဲ့ ..."
ဖေဖေက ပြုံးရင်းနဲ့ လေးလေးနက်နက်ပြောလိုက်တယ်။

အိပ်ရာဝင်ခါနီးကျတော့ .. အန်နာစဉ်းစားနေမိတယ်...
အချစ်စစ်ဆိုတာ လက်ဆောင်တွေ၊ ပန်းစည်းတွေ၊ တစ်ယောက်နဲ့ တစ်ယောက် surprise dinner တွေ၊ စသဖြင့် အန်နာ အရင်ကထင်ထားသလို အပေါ်ယံအမြင်မျိုးမှ မဟုတ်တာ....
အချစ်ဆိုတာ...
အခက်အခဲတွေကို အတူတကွ ကျော်လွှားခြင်းဖြစ်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုကောင်းမွန်လာဖို့၊ နေ့စဉ်နဲ့ အမျှ ခိုင်မာတည်ကြည်လာဖို့ ကူညီခြင်းဖြစ်တယ်၊ ဝေးကွာနေခဲ့ရင်တောင် တစ်ယောက်အတွက် တစ်ယောက်အမြဲ ရှိနေခြင်းဖြစ်တယ်။

ဒီသင်ခန်းစာလေးကိုတော့ အန်နာတစ်ယောက် တစ်ဘဝလုံးစာအတွက် မှတ်ထားလိုက်ပါတော့တယ်။
.
  အချစ်စစ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အမှီအခိုကင်းမှ ဖြစ်ပေါ်လာတတ်တာမျိုးပါ။
စာဖတ်သူများလည်း စဉ်းစားသုံးသပ်ကြည့်နိုင်ပါတယ်။

- အောင်ကျော်ဇေယျ

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်