ဖက်တီးမကြီး

(လူတစ်ယောက် လှတယ် မလှဘူးဆိုတာကို အပြင်ပန်းနဲ့ ဆုံးဖြတ်တာ ခဏပါပဲ...
စိတ်သဘောထား၊ နှလုံးသားလှရင် လူတိုင်းကို တစ်သက်လုံး အမှတ်ရနေစေမှာပါ)
'နေကောင်းလား..'
အမျိုးသမီးတစ်ဦးက တစ်ချက်ပြုံးပြပြီး ပြောပြောဆိုဆိုနဲ့... ကျွန်မဘေးမှာ လာထိုင်တယ်။
ထိုင်ခုံနဲ့ဆန့်အောင် တဖြည်းဖြည်းထိုင်ချနေတယ်။ ခုံရဲ့နေရာအပြည့်ကို သူ့ခန္ဓာကိုယ်ကြီးက ယူလိုက်သလိုပါပဲ။
သက်တောင့်သက်သာဖြစ်သွားပြီဆိုတော့မှ သူ့ရဲ့ လက်မောင်းကြီးကို လက်တင်ခုံပေါ်တင်လိုက်တယ်။
သူက ဝလွန်းနေတော့ .. ကျွန်မနေရာလေးတောင် ကျဉ်းသွားသလိုပါပဲ။
ဒါနဲ့ ကျွန်မလည်း ပြတင်းပေါက်ဘက်နားကို တိုးကပ်နေလိုက်တော့တယ်။
သူက ကျွန်မဘက်ကို ကပ်လာပြီး ပျော်ပျော်ရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ အသံကြီးနဲ့ ထပ်နှုတ်ဆက်ပြန်တယ်။
သူရဲ့မျက်နှာကြီးက ကျွန်မခေါင်းအပေါ်ကို အုပ်မိုးထားသလိုပါပဲ၊ သူက ကျွန်မကို ပြန်လှည့်ကြည့်အောင် အတင်းကြိုးစားနေတယ်။
ကျွန်မကလည်း "ဟုတ်.." လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ပါတယ်။ သဘောမကျကြောင်း သိသာစေတဲ့ ပုံစံနဲ့ပေါ့။
ကျွန်မလည်း ပြတင်းပေါက်အပြင်ကိုသာ ငေးနေလိုက်တယ်၊ ကျွန်မပုံက သုန်သုန်မှုန်မှုန်ဖြစ်နေတယ်... စဉ်းစားကြည့်ကြည့်ပါ
ဘေးက ဖက်တီးမကြီးနဲ့ ခရီးအကြာကြီးသွားရမှာ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ... 
တကယ့်ကို သက်တောင့်သက်သာ မဖြစ်တဲ့ အခြေအနေပါပဲ...
ကျွန်မကို သူ့ရဲ့ သန်စွမ်းလှတဲ့ လက်မောင်းကြီးနဲ့ တို့ပြီး...
"အစ်မနာမည်က လော်ရာ.. ဗြိတိန်ကလေ၊ ညီမလေးရော..? ဂျပန်ကလား.."
"မလေးရှား..." 
ကျွန်မ ခပ်ပြတ်ပြတ်ပြောလိုက်တယ်။
"စိတ်မကောင်းပါဘူး၊ 
အစ်မ တောင်းပန်ပါတယ်.. အခု ဒီလေယာဉ်ခရီးစဉ်က ၆နာရီလောက်ကြာမှာလေ၊ အဲ့တော့
အတူတူထိုင်ရမယ့်အတူတူ ရင်းရင်းနှီးနှီးပဲဖြစ်ချင်လို့ပါ၊ ဟုတ်တယ်မလား.."
သူက ပြောပြောဆိုဆိုနဲ့ လက်ကမ်းလာတယ်..
ကျွန်မလည်း မကောင်းတတ်လို့ ပြန်နှုတ်ဆက်လိုက်ပါတယ်၊ ပြီးတော့ ငြိမ်ငြိမ်လေးပြန်နေနေလိုက်တယ်။
လော်ရာက စကားတွေပြန်ဆက်ပြောနေတယ်၊ ခင်မင်ချင်ပုံမရတဲ့ ကျွန်မရဲ့ အပြုအမူတွေကို ဂရုတောင်မစိုက်ပါဘူး။
သူ့အကြောင်းတွေ၊ အခု ဟောင်ကောင်ကိုသွားတာက သူ့သူငယ်ချင်းတွေကို သွားတွေ့ဖို့၊ စသဖြင့် အားပါးတရ ပြောနေလေရဲ့။
ပြီးတော့ သူစာသင်ပေးနေတဲ့ ဘော်ဒါဆောင်တစ်ခုက ကလေးအတွက် ဝယ်ပေးမယ့် ပစ္စည်းစာရင်းတွေကိုလည်း တရစပ်ရွတ်ပြနေသေးတယ်။
ကျွန်မအကြောင်း မေးလာတဲ့မေးခွန်းတွေကိုတော့ "အင်း.. " "ဟုတ်တယ်.." စသဖြင့် ခပ်တိုတိုသာပြန်ဖြေလိုက်ပါတယ်။
ကျွန်မရဲ့ အေးတိအေးစက်နိုင်တာကို ဂရုမစိုက်ဘဲ.. ကျွန်မရဲ့ အဖြေတွေကို ခေါင်းတညိတ်ညိတ်နဲ့ .. ထင်မြင်ချက်တွေ ပြောနေပါတယ်။
အမှန်တိုင်း ပြောရရင် သူ့ရဲ့ အသံဟာ နွေးထွေးပြီး ကြင်နာလွန်း
လှတယ်။ 
အစားအသောက်တွေ စားကြတဲ့အချိန်မှာလည်း သူက ကျမအပေါ်ဦးစားပေးတယ်။
ပြီးတော့ သူက ပြောသေးတယ်၊ "အစ်မရဲ့ ဆင်ခန္ဓာကြီးနဲ့ အနိုင်ကျင့်သလိုမျိုး မဖြစ်စေချင်ဘူး.." တဲ့၊ တောင်းပန်တဲ့လေသံမျိုးနဲ့ပြောတာပါ။
အံ့သြစရာကောင်းလှတယ်... အစပိုင်းက ကျွန်မကို စိတ်ပျက်စေခဲ့တဲ့ သူ့မျက်နှာက တစ်ချိန်တည်းမှာပဲ အပြုံးတွေ၊ အသက်ဝင်လှတဲ့ တည်ငြိမ်မှုတွေ ပေါ်လာပါတယ်။
သူ့အပေါ် စိုးရိမ် စိတ်ပျက်မှုတွေ
လျော့လာပါတယ်။ တကယ်ထူးဆန်းလွန်းတယ်။
လော်ရာဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ စကားပြောသူတစ်ယောက်ပါ။
သူက စိတ်ပညာကနေ သိပ္ပံဘာသာရပ်တွေအထိ လေ့လာထားပါတယ်။ 
အရေးမကြီးဘူးလို့ထင်ရတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ ထင်မြင်ချက်တွေဟာ ဘဝင်ကျစရာကောင်းပြီး ဉာဏ်ကွန့်မြူးတတ်တာဟာ တကယ်သဘောကျစရာပါပဲ။
စကားစပ်မိရင်း ယဉ်ကျေးမှုအကြောင်းပြောဖြစ်သွားတော့ သူ့ရဲ့ ပါးနပ်တဲ့ ထင်မြင်ချက်တွေ၊ နှံ့စပ်လှတဲ့ အတွေးတွေကြောင့် ကျွန်မမှာ အံ့သြနေမိပါတယ်။
ကျွန်မတို့နှစ်ယောက်စကားပြောနေတုန်း ကျွန်မတို့နားကနေဖြတ်သွားတဲ့ လေယာဉ်ဝန်ထမ်းမှန်သမျှ လော်ရာရဲ့ ဟာသပြက်လုံးတွေကြောင့် ရယ်မောသွားကြရတဲ့သူတွေချည်းပါပဲ။
လေယာဉ်ဝန်ထမ်းလေးက ကျွန်မတို့ စားထားတဲ့ ပန်းကန်ပြားတွေကို လာသိမ်းပေးတော့လည်း လော်ရာက သူ့ခန္ဓာကိုယ်အရွယ်အကြောင်း ပြက်လုံးတွေ ထုတ်ပါတော့တယ်။
ဝန်ထမ်းလေးက အားရပါးရအော်ရယ်ပြီး လော်ရာ့လက်ကို ကိုင်ပြီး လေးလေးနက်နက်ပြောတယ်....
"ကျွန်မရဲ့ တစ်နေ့တာလုံးကို တကယ် ပျော်ရွှင်သွားစေတယ်.." တဲ့။
မိနစ်အနည်းငယ်ကြာတော့ လော်ရာက လေယာဉ်မယ်လေးတစ်ယောက် ရင်ဖွင့်တဲ့ ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး စိတ်ဘဝင်မကျတဲ့အကြောင်းကို ဂရုတစိုက်နားထောင်ပေးတယ်၊ အချက်အလက်တွေကို ထောက်ပြပြီး အကြံပေးတယ်။ 
လေယာဉ်မယ်ကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ အကြာကြီးရင်ဖွင့်မနေနိုင်ပါဘူး။ 
ခဏကြာရင် လာခဲ့မယ်ဆိုပြီး သူ့တာဝန်အရ ပြန်သွားလုပ်ပါတယ်။
ကျွန်မ လော်ရာကို မေးကြည့်တယ်။
"ဝိတ်လျှော့ဖို့အတွက် မစဉ်းစားဖူးဘူးလား.."
လော်ရာကပြန်ဖြေတယ်။
"ဟင့်အင်း၊ ဒီလိုဖြစ်ဖို့တောင် ကြိုးစားထားတာကို၊ လွယ်လွယ်နဲ့ အလျှော့မပေးနိုင်ပါဘူး။"
"ဘယ်လို..? ဒီထက်ပိုပြီး အဝလွန်ရင် နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်မှာရော မစိုးရိမ်ဘူးလား.."
"ကိစ္စမရှိဘူး၊ ရောဂါဖြစ်တယ်ဆိုတာ .. ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ပတ်သတ်ပြီး တစ်ချိန်လုံးစိတ်ပူနေမှ ဖြစ်တတ်တာ။
တချို့ ပိန်ဖို့ဆွယ်တဲ့ကြော်ငြာတွေကို တွေ့ဖူးမှာပါ၊ 
'သင့်ကိုယ်သင် လွတ်လပ်စေဖို့ အမှိုက်ထုပ်ထဲကနေ ရုန်းထွက်လိုက်ပါ..'ဆိုပြီး ကြော်ငြာကြတာ။
အမှန်တော့.. အဲ့ဒါတွေက အလကားပဲ။
တကယ် သက်တောင့်သက်သာဖြစ်ဖို့ဆိုတာက ကိုယ့်ကိုယ်ကို ကျေနပ်ရမယ်၊ ဘယ်ချိန်မျိုးမှာပဲဖြစ်ဖြစ် ကိုယ်က ဘာနဲ့တူသလဲ၊ ဘယ်လိုပုံလဲ .. ဒါကို ကျေနပ်နိုင်ဖို့ပဲ။ 
ပိန်ဖို့အတွက်တော့ အချိန်အကုန်မခံနိုင်ပါဘူး..
ဘာလို့လဲဆိုတော့ တခြားအရေးကြီးတဲ့ ကိစ္စတွေလုပ်ဖို့ရှိတယ်၊ တခြားသူတွေနဲ့လည်း မိတ်ဆွေဖွဲ့ရဦးမယ်လေ။
ကျန်းမာရေးနဲ့ ညီညွှတ်အောင်စားတယ်၊ လမ်းပုံမှန်လျှောက်တယ်။ မွေးလာကတည်းက၊ဝဖို့်မွေးလာတာပဲ .. ဝမှာပေါ့။
ခန္ဓာကိုယ်ရဲ့အလေးချိန်ကို တစ်နေကုန် ထိုင်ပြီး တွေးပူနေဖို့ထက် တခြားအရေးကြီးတာတွေလုပ်ဖို့ အများကြီးရှိသေးတယ်.."
ပြီးတော့ လော်ရာက ဝိုင်ကို တစ်ငုံလောက်သောက်လိုက်တယ်။
" ပျော်ရွှင်မှုတွေအများကြီး သယ်ထားနိုင်ဖို့ ဘုရားသခင်က ခန္ဓာကိုယ် အကြီးကြီးပေးထားတာလေ။ ဝိတ်လျှော့လိုက်ရင် ပျော်တာတွေ လျော့ကုန်မှာပေါ့။..." 
လော်ရာက သူ့အကြောင်းပြချက်ကို ပြန်တွေးရင်း ရယ်နေတယ်။
ဆက်ပြီး...
"လူတွေကတော့ ထင်မှာပဲ... ဖက်တီးမကြီး.. ရင်အုံကြီးကြီး၊ တင်ကြီးကြီး၊ လက်မောင်းကြီးကြီး.. ဘယ်ယောက်ျားကမှ စိတ်မဝင်စားလောက်ဘူးဆိုပြီး။ ဘုတ်ထိုင်းကြီးလို့ မြင်ကြမယ်။ ငပျင်းမကြီးလို့ ထင်ပြီး စိတ်ခွန်အားမရှိဘူးလို့ ယူဆကြမယ်။..."
ဖြတ်သွားတဲ့ လေယာဉ်ဝန်ထမ်းကို ဝိုင်ခွက်လေးမြှောက်ပြီး လှမ်းပြောလိုက်တယ်...
"ဝိုင်တစ်ခွက်လောက်.. ထပ်ဖြည့်ပေးပါ.."
ပြုံးပြလိုက်ပြီး ဆက်ပြောတယ်... "ဝန်ထမ်းတွေအကုန် ဝန်ဆောင်မှု အရမ်းကောင်းတယ်၊ ဘုရားသခင် ကောင်းချီးပေးပါစေ။.."
ကျွန်မဘက်ကို ပြန်လှည့်လာတယ်။
"အမှန်တော့ အစ်မက အပြင်မှာသာ ဝတာ၊ အတွင်းမှာ ပိန်ပါတယ်။ တခြားလူတွေ ယှဉ်လို့မရတဲ့ စွမ်းအားတွေရှိတယ်။ ဝနေတာက လူကို နှေးစေပေမဲ့ ယောက်ျားလေးတွေလိုက်တာကိုတော့ ပြေးရှောင်နေနိုင်တုန်းပဲ..."
"လိုက်ကြိုက်တဲ့ ယောက်ျားတွေအများကြီးလိုဆိုလိုတာလား.." စတဲ့သဘောနဲ့ မေးလိုက်ပါတယ်။
"အင်းပေါ့... အစ်မက လက်ထပ်ပြီးသားပါ၊ အိမ်ထောင်ရေးလည်း သာယာပါတယ်၊ ဒါပေမဲ့ ခုထိ လက်ထပ်ခွင့်တောင်းတဲ့သူတွေ ရှိတုန်းပဲ။
အများစုကတော့ သူတို့ရဲ့ အချစ်ရေး ပြဿနာကိုယ်စီနဲ့။ သူတို့ ယုံကြည်အားထားဖို့ လိုအပ်တဲ့ သဘောပါပဲ။ တချို့ဆိုရင် အမနဲ့ စကားပြောရတာကြိုက်ကြတယ်၊ တစ်ခါတစ်လေလည်း ကိုယ့်ကိုယ်ကို တွေးမိတယ်... ငါကျောင်းဆရာမ မလုပ်ဘဲ အကြံပေး-တိုင်ပင်ခံအဖြစ် လုပ်နေသင့်တာ ဆိုပြီး။..."
လော်ရာက စကားကို ခဏရပ်ပြီး တွေးဆဆနဲ့ ပြန်ပြောတယ်၊ 
"သိလား.. ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းရှုပ်ထွေးတာပဲ။
ဘာမှမသိခင်တော့ လင်ယောက်ျားကို ကိုးကွယ်ကြတယ်၊ သူတို့ အလိမ်ခံနေရပါလားဆိုတာလည်းသိရော.. ဗူးခါးသီးလို ဖြစ်သွားရော၊
ယောက်ျားတွေလည်း ဒီလိုပဲ.. အစပိုင်းတော့ အသေချစ်ကြတယ်၊ မိန်းမတွေ သုံးမိတဲ့ ပိုက်ဆံတွေ မရေမိခင်ပေါ့၊ အသုံးကြမ်းတဲ့ မိန်းမတွေကိုဆိုရင် နတ်ဆိုးလို့မြင်ကြတာရယ်။...."
ဝန်ခံပါတယ်။ လော်ရာနဲ့ စကားပြောရတာဟာ ကျွန်မရဲ့လေယာဉ်ခရီးလေးကို ကြည်နူးစေတာကိုပေါ့။
သူရဲ့ လူတွေကို ဆွဲဆောင်ပုံလေးကိုလည်း ဘဝင်ကျမိတယ်။
ခရီးစဉ်လည်းဆုံးတော့ လေယာဉ်ဝန်ထမ်း တစ်ဝက်လောက်က ကျွန်မတို့နားရောက်နေတယ်၊ လော်ရာနဲ့ စကြ၊ နောက်ကြနဲ့.. ပွဲကျနေတယ်။
ကျွန်မတို့နား ထိုင်တဲ့ ခရီးသွားအချို့လည်း ဝင်ပါတာကို တွေ့ရတယ်။
လော်ရာကတော့ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရယူထားပြီး လေယာဉ်တစ်ခုလုံးကို ပျော်ရွှင်နွေးထွေးမှုတွေနဲ့ ဖြည့်ပေးနေသလိုပါပဲ။
ဟောင်ကောင်ရဲ့ Kai Tak လေဆိပ်ရောက်တော့ ကျွန်မတို့ နှုတ်ဆက်ခွဲခွာကြတယ်၊
လော်ရာနဲ့ သူ့ကိုလာကြိုတဲ့ ကလေးတွေ၊ လူငယ်လူရွယ်တွေကို ငေးကြည့်နေမိတယ်။
ပွေ့ကြ ဖက်ကြ နှုတ်ဆက်ကြနဲ့.. ပျော်ဖို့ကောင်းလှတယ်၊ လော်ရာက ကျွန်မဘက်ကို လှည့်လာပြီး မျက်လုံးမှိတ်ပြတယ်။
ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသား ဝန်ခံပါတယ်။
ကျွန်မ ခဏလောက်မြောပါသွားတယ်၊ လော်ရာရဲ့ စစ်မှန်ခြင်းထဲမှာပေါ့။
ကျွန်မရဲရဲကြီးပြောရဲတယ်....
"ကျွန်မတွေ့ဖူးသမျှ လူတွေထဲမှာ လော်ရာဟာ အလှဆုံး အမျိုးသမီးတစ်ဦးပါပဲ..."
****************
အောင်ကျော်ဇေယျ
Ref: The Fat Lady by Chong Sheau Ching
 

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ္ခ်က္